Friday, March 14, 2014

မလေးရှားလေယာဉ် MH370 ရှာဖွေရာ၌ အဓိက အချက်အလက်များ ရှုတ်ထွေးမှု ဖြစ်ပေါ်နေ


ပျောက်ဆုံးနေသော မလေးရှားလေကြောင်းခရီးစဉ် အမှတ် MH370 လေယာဉ်ရှာဖွေမှုများ လုပ်ဆောင်နေခဲ့သည်မှာ ဆဌမမြောက်နေ့သို့ ရောက်ရှိလာပြီ။ လေယာဉ်ကို ရှာဖွေရာ၌ ရှုတ်ထွေးမှုများ ဖြစ်ပေါ်နေသည့် အဓိကအချက်များကို ဖော်ပြလိုက်ပါသည်။လမ်းကြောင်းသွေဖီခဲ့ပါသလား
မလေးရှား လေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ရော့ဇလီဒေါက်က လေယာဉ်သည် ကွာလာလမ်ပူမှ ပေကျင်းသို့ ထွက်ခွာပြီးနောက်
နားလည်ရခက်သောပုံစံမျိုးဖြင့် နောက်ကြောင်းပြန်လှည့်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ရေဒါကို အခြေခံလျက် မတ် ၉ ရက်တွင် ပြောကြားခဲ့သည်။မတ် ၁၁ရက်အနှောင်းပိုင်းတွင် ရော့ဇလီက လေယာဉ်ကို ခြေရာခံကြည့်ရာ၌ မူလရည်ရွယ်ရာပျံသန်းရေးလမ်းကြောင်းမှမိုင်ရာပေါင်းများစွာ သွေဖီကာမလက်ကာရေလက်ကြား ကျော်လွန်သည်အထိ ရောက်ရှိခဲ့သည်ဟု ဆိုပြန်သည်။အစောပိုင်းတွင် ဗီယက်နမ်က လေယာဉ်သည် ရေဒါမှ ပျောက်သွားစဉ် သူ၏ဝေဟင်ပိုင်နက်သို့ ချဉ်းကပ်လာကြောင်း ပြောကြားထားသည်။

အချိန်များ
မလေးရှားအာဏာပိုင်များက လေယာဉ်သည် ကွာလာလမ်ပူမှ ထွက်ခွာပြီး တစ်နာရီအကြာ မလေးစံတော်ချိန် နံနက် ၁ နာရီခွဲတွင် အဆက်အသွယ် ပြတ်သွားကြောင်း ပြောကြားခဲ့သည်။ အစောပိုင်းတွင် မလေးရှားလေကြောင်းလိုင်းက နံနက် ၂ နာရီ ၄၀ မိနစ်တွင် နောက်ဆုံးဆက်သွယ်ခဲ့သည်ဟု ဆိုသည်။ မတ် ၁၂ ရက်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် လေတပ်အကြီးအကဲက နံနက် ၂ နာရီ ၁၅ မိနစ် က ပီနမ် အနောက်မြောက်ဘက် သတ်မှတ်၍မရသော နေရာ၌ ရေဒါအရ တွေ့ခဲ့သည်ဟု ဆိုပြန်သည်။

အပျက်အစီးများ
မတ် ၈ ရက်က ဗီယက်နမ်လေယာဉ်များသည် ဗီယက်နမ် အနောက်တောင်ပိုင်းကမ်းလွန်ရှိ သိုချူးကျွန်းအနီးတွင် ဧရာမဆီကွက်ကြီးကို တွေ့ရှိသည်ဟု ဆိုသည်။ သို့သော် မလေးရှား ဓာတုကျွမ်းကျင်သူများ၏ စစ်ဆေးသုံးသပ်ချက်အရ ဆီကွက်သည် လေယာဉ်နှင့် ဆက်နွှယ်မှုမရှိကြောင်း သိရသည်။ မတ် ၁၀ ရက်တွင် မလေးရှားသင်္ဘောများက အသက်ကယ်လှေ ဖြစ်ဖွယ်ရှိသောအရာကို တွေ့ရသည်ဟု ဆိုသည်။ သို့သော် ယင်းနေရာသို့ ဦးစွာရောက်ခဲ့သည့် ဗီယက်နမ်သင်္ဘောများက ယင်းသည် သင်္ဘောပျက် အပိုင်းအစတစ်ခုသာ ဖြစ်သည်ဟုဆိုသည်။

အခိုးခံရသော ပတ်စပို့များ
လေယာဉ်ပေါ်မှ ခရီးသည်နှစ်ဦးသည် ခိုးယူလာသော ဥရောပပတ်စပို့များ ကိုင်ဆောင်ထားသည်ဟု ဖော်ပြမှုကြောင့် အကြမ်းဖက်တိုက်ခိုက်ခံရခြင်း ဖြစ်နိုင်သည်ဟု ထင်မြင်မှုများ ထွက်ပေါ်လာသည်။ မတ် ၉ ရက်တွင် ပြည်ထဲရေးဝန်ကြီးက မသင်္ကာဖွယ် ယင်းခရီးသည်နှစ်ဦးကို အာရှတိုက်သားအသွင်အပြင်ရှိသည်ဟု ဖော်ပြသည်။ မတ် ၁၁ တွင် ဥရောပတိုက်တွင် အခြေချလိုသော အီရန်နိုင်ငံသားများ ဖြစ်ဖွယ်ရှိသည်ဟု ဆိုပြန်သည်။

ဘလော့တယ်လီ
မလေးရှားအရပ်ဖက် လေကြောင်းအကြီးအကဲက မသင်္ကာဖွယ်ခရီးသည်နှစ်ဦး နှင့်ပတ်သက်၍ ကောက်ချက်ချမှုများကို အီတလီဘောလုံးသမား မာရီယိုဘာလော့တယ်လီကို ဥပမာပေးကာ လှောင်ပြောင်ခဲ့သည်။ဥရောပပတ်စပို့ ကိုင်ဆောင်ထားသည့် ခရီးသည် နှစ်ဦးနှင့်ပတ်သက်၍ အသွင်အပြင်ကို ဖော်ပြကောက်ချက်ဆွဲမှုအတွက် ဘာလော့တယ်လီသည် ဂါနာမိဘများမှ မွေးဖွားသော အီတလီနိုင်ငံသားဖြစ်ကြောင်းနှင့် အရေပြားအရောင်က မည်သည့်နိုင်ငံသားဖြစ်သည်ကို မညွှန်းဆိုနိုင်ကြောင်း ပြောကြားခဲ့သည်။

ဖုန်းမြည်သံများ
လေယာဉ်ပေါ်ပါရှိသွားသူများထံ ဖုန်းဆက်ကြည့်သည့်အခါ ဖုန်းများထံမှ Ringtone ကို ကြားရကြောင်း တရုတ်မှ ဆွေမျိုးများက ပြောကြားခဲ့သည်။ တရုတ်ဗီဒီယိုCall QQ ၌လည်း ခရီးသည်တချို့ အွန်လိုင်း၌ ရှိကြောင်း တွေ့ရသည်ဟု ဆိုသည်။ သို့ သော် QQ ကို စနစ်တကျ မပိတ်လျှင်ဖြစ်တတ်ကြောင်းနှင့် ဖုန်း Ringtone မြည်ခြင်းမှာ Network အမှားကြောင့် ဖြစ်နိုင်သည်ဟု နည်းပညာရှင်တစ်ဦးက ဆိုသည်။

Ref:AFP

No comments:

Post a Comment